သရက် နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် စည်ပင်သာယာမြို့မ ဈေး၊ မင်းတုန်းလမ်းနှင့် ဆင်ဖြူတော်ဘုရားလမ်းထောင့်တို့တွင် ယနေ့ နံနက်(၇)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် အမှတ် (၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(သရက်)မှ ဝန်ထမ်းများက လမ်းသွား၊ လမ်းလာပြည်သူများနှင့် မော်တော်ယာဉ်၊ ဆိုင်ကယ်စီးနှင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့်အနေဖြင့် မဖြစ်မနေ အကြောင်း ကိစ္စရှိမှသာ အပြင်ထွက်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ပြီးမှ ထွက်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ ကြရန် အသိပညာပေးလှုံဆော်ပြီး နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။ သရက်မြို့တွင် အများပြည်သူအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ နေ့စဉ် နှိုးဆော်သတိပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)