တနင်္သာရီမြို့နယ်တွင် ကိုယ်တိုင်လာရောက် မဲမပေးနိုင်သည့် မဲဆန္ဒရှင်များအား ကြိုတင်မဲပေးနိုင်ရန် အိမ်တိုင်ရာရောက်ဆောင်ရွက်ပေး

တနင်္သာရီ  နိုဝင်ဘာ   ၄

၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ၈ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲရုံများသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား  မဲပေးပိုင်ခွင့် မဆုံရှုံးစေရန်နှင့် ကိုယ်တိုင်ဆုံးဖြတ်ပြီး မဲပေးနိုင်ရန်အတွက် တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေး ရွာအုပ်စုအတွင်း နိုဝင်ဘာလ ၂ ရက်နေ့က ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ကွင်းဆင်းကာ ကြိုတင်ဆန္ဒမဲ ဆောင်ရွက်ခြင်းလုပ်ငန်းအား ပူးပါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုဆင်ခြေဖုန်းကျေးရွာအုပ်စုသည် ကျေးရွာ(၁၅)ရွာရှိပြီး၊ အိမ်ခြေ(၁၃၀၀)ခန့်ရှိ၍ မဲရုံပေါင်း (၇)ရုံရှိကာ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူပေါင်းမှာ(၃၀၀)ဦးခန့် ရှိသည်။  တစ်ရွာနှင့် တစ်ရွာအလှမ်းကွာဝေးခြင်း၊ တစ်ချို့မှာ ချောင်းကူးမြစ်ခြားကျေးရွာများဖြစ်ခြင်းတို့ကြောင့် ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ကိုယ်တိုင် လာရောက်၍ ကြိုတင်မဲမပေး နိုင်သည့် အသက်ကြီးအဘိုးအဘွားများ၊ နာမကျန်းဖြစ်နေသူများ၊ ကလေးမီးဖွားနေသူများ၊ မသန်စွမ်းသူများကို နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ ၇ ရက်နေ့ အထိ ကြိုတင်ဆန္ဒမဲကောက်ခံခြင်း လုပ်ငန်းကို အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆင်ခြေဖုန်း ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော် မ ရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးနိုင်ဝင်းထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)