စလင်း မတ်လ ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု ပေါင်လောင်ကျေးရွာ ရွာဦးဘုရားအာရုံခံတန်ဆောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က. မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရပ်မိရပ်ဖဦးစိန်လင်း ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးသန့်ဇင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိဦးတင်အေး မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်တို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ ဥပဒေဆိုင်ရာအကြောင်းအရာများ စစ်မှုထမ်းရမည့် အသက်အရွယ်အမျိုးသား အသက်(၁၈)နှစ်မှ(၃၅)နှစ်၊ အမျိုးသမီးအသက်(၁၈)နှစ်မှ(၂၇)နှစ်၊ ကျွမ်းကျင်အမျိုးသား အသက်(၁၈)နှစ်မှ(၄၅)နှစ်၊ ကျွမ်းကျင်အမျိုးသမီး အသက်(၁၈)နှစ်မှ (၃၅)နှစ်ဖြစ်ပြီး ကျွမ်းကျင်ဆိုသည်မှာ ဆရာဝန်အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ၊ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းသူများကို ဆိုလိုသည်၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဒါန်းချက်များနှင့် ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်စပ်လျဥ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ကောလဟာလသတင်းများ ပျံနှံလာမှုအပေါ် ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးရှင်းလင်းခဲ့သည်၊ တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ရွှေဘုံသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်းဖြင့် ကျေးလက်နေပြည်သူတိုင်း ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ သိရှိနားလည်ကြစေရန် အရှိန်အဟုန်မြှင့် ကွင်းဆင်းဟောပြော ဆွေးနွေးကြကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း