ပွင့်ဖြူ မတ် ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၁ ရက်၊ နံနက်ပိုင်းက ပွင့်ဖြူမြို့ ကမ္ဘောဇဘဏ်ရုံး၌ကျင်းပ ပြုလုပ်သည်။
ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေး အသိပညာပေး ဟောပြောကာ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆီပူမီးလောင်မှုနှင့် လျှပ်စစ်ဝါယာရှော့များမှတစ်ဆင့် မီးလောင်ဖြစ်ပွားပါက အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းအား သရုပ်ပြဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာ ကမ္ဘောဇဘဏ်ရုံးရှိ ဝန်ထမ်းများက ပူးပေါင်းပါဝင် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကမ္ဘောဇဘဏ်ရုံးအား မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော လုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မီးဘေးသတိမူစေရေး အသိပညာပေး ဗီနိုင်းများကို အများမြင်သာသည့်နေရာများ၌ ချိတ်ဆွဲပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)