မကွေး မတ် ၂
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၂ ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး မြက်ပင်များ၊ သစ်ပင်ကြီးများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ အမှိုက်သရိုက် များအား အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်း စသည့် သန့်ရှင်ရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်နေမှုအား တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ သွားရောက်၍ မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှာလည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး အထူးလိုအပ်သလို အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးအတွက်လည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၂၀၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး၊ သန့်ရှင်ရေးလာရောက်ဆောင်ရွက်သည့် ဌာန၊ အသင်းအဖွဲ့များအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့သည်။
ထို့အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် မြို့ရွာသန့်ရှင်းသန့်ရှင်းသာယာလှပစေရေး ဘုရားစေတီပထိုးများ၊ ရုံးဌာန အဆောက်အဦများနှင့် ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာ လှပမှုရှိစေရေးနှင့် ပြည်သူများ ကျန်းမာရေးဆိုင်ရာ အထောက်အကူဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့တိုင်း)တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ