ဘားအံမြို့တွင် (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်လှစ်

ဘားအံ ဖေဖော်ဝါရီ ၂၉

(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ULURU MM Co.,Ltd မှ တာဝန်ယူ ဆောင်ရွက်သော ဘားအံမြို့နယ်၊ နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက နောင်ယာဖေးကျေးရွာရှိ အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။

လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သောလမ်းသည် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာလျှင် တစ်နေရာနှင့်တစ်နေရာ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေမှာဖြစ်သလို ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူမှုရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးပြီး လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေမှာဖြစ်ပါကြောင်း၊ ဒေသမှာရှိတဲ့ တိုင်းရင်းသား ပြည်သူများအနေနဲ့ တည်ငြိမ်အေးချမ်းမှုကို မြတ်နိုးတန်ဖိုးထားလို့ ရရှိလာတဲ့ အသီးအပွင့်များကို ခံစားရတာဖြစ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို အမြင်ကျယ်ကျယ်နဲ့ ရှုမြင်တတ်ဖို့လည်းလိုအပ်ပါကြောင်းနှင့် ယခုဖွင့်လှစ်ပြီးစီးတဲ့ ကျောက်လမ်းနှင့် Box Culvert  များကို လည်း ဒေသခံတိုင်းရင်းသားများအနေဖြင့် တန်ဖိုးထားဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်က ကျောက်လမ်းခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး လမ်းအားဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဘားအံမြို့နယ်၊ နောင်ယာဖေး-ထူးဂုဏ်-ဝေပုလ္လကျေးရွာချင်းဆက် ကျောက်လမ်းသစ်လမ်း အရှည်(၆/၄)မိုင်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၂၅၇.၂၂၆ သန်း ဖြင့် (၁/၄)မိုင်နှင့် (၅)ပေမှာ Box Culvert (၄)စင်းအား လမ်းအကျယ် ၁၂ ပေ ၊ ၁၄ လက်မထုဖြင့် လည်းကောင်း၊ Box Culvert အား ယာဉ်သွားလမ်းအကျယ် (၂၄)ပေဖြင့်လည်းကောင်း ULURU MM Co.,ltd မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မြေငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးတုံ့ပြန်မှု သရုပ်ပြခြင်းအခမ်းအနားကို ဘားအံခရိုင်မီးသတ်ဦးစီးဌာန၊ လှာကမြင်ကွက်သစ်၊  ဘားအံမြို့၌ ယနေ့နံနက်  ၉  နာရီတွင်ကျင်းပခဲ့ရာ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းကို ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သဘာဝဘေးအန္တရာယ်များသည် ကြိုတင်သိရှိနိုင်ခြင်း မရှိခြင်းကြောင့် ကြိုတင်ပြင်ဆင်ခြင်း၊ စုဖွဲ့ခြင်းများသည် အရေးကြီးပါကြောင်း၊ လူ၊ ယာဉ်၊ အထောက်အကူပစ္စည်းများအား သေသေချာချာ စုဖွဲ့ရန်လိုအပ်ပါကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် စိတ်ရောကိုယ်ပါ အမြဲကျန်းမာကြံ့ခိုင်ရန် လိုအပ်ပါကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ အထောက်အကူပစ္စည်းများကို ကယ်ဆယ်ရေး အဖွဲ့ဝင်များအနေဖြင့် အချိန်မရွေး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ စက်ယန္တရားကိုလည်း ကြိုတင်ချိတ်ဆက်ထားရန် လိုအပ်ပါကြောင်းနှင့် ယခုလိုဇာတ်တိုက်လေ့ကျင်မှုများ များများလုပ်သင့်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဘားအံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ ကျပ်ငါးသိန်းတိတိအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)