မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းထားကြသောမြန်မာလူငယ်လူရွယ်ကလေးများ

မင်းဘူး နိုဝင်ဘာ ၄

 

မြန်မာတို့သည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားသော လူမျိုးများဖြစ်ကြသည်။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့် အားလျှော်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုများ ဓလေ့စရိုက်များကို သိရှိပြီး တိုင်းတစ်ပါး ယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိလူမျိုး မိမိတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုများကို ထိန်းသိမ်း ကာကွယ်လိုစိတ်များ ရှိကြဖို့ လိုအပ်လှပေသည်။

ယခုခေတ်ကာလ သားပျို သမီးပျိုလေးများသည် ရှေးခေတ်အခါက အမျိုးသမီး အမျိုးသားများနည်းတူ ယောကျ်ားလေးများမှာ တိုက်ပုံနှင့်ပုဆိုး အမျိုးသမီးများမှာ ရင်ဖုံးအင်္ကျီ၊ ထဘီများကိုဝတ်ဆင်ကာ ရှေးထုံးအစဉ်အလာ မပျက်စေဘဲ ရိုးရိုးယဉ်ယဉ်ကလေးများဖြင့် လူကြီးမိဘများက ဝတ်စားစေချင် ကြသော်လည်း အချို့မှာ ဘုရားသွားကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင် မြန်မာဝတ်စုံ လေးများဖြင့် ကြက်သားရေရှိရှိ ဝတ်လာကြသူများရှိသလို အချို့မှာလည်း စကပ်များ၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်များဖြင့် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ဖျက်စီးသူ လူငယ်လေးများလည်း  ရှိကြသေးသည်။

ထိုကြောင့် နောင်လာမဲ့အနာဂတ်ရဲ့ ကြယ်ပွင့်ကလေးများဖြစ်တဲ့ သားငယ်သမီးငယ် လူငယ်လူရွယ် ကလေးများဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာမို့ တရားတော်နဲ့လျှော်ညီတဲ့ ဆင်ယင်ထုံးဖွဲ့မှု များနဲ့သာဝတ်ဆင်ကြပြီး မြန်မာကို မြန်မာမှန်း အဝတ်မြင်တာနဲ့တင် သိစေချင်ပါသည်။ မြန်မာလူမျိုးများသည် ဗုဒ္ဓဘာသာကိုအဓိကထားပြီး ကိုးကွယ်သော လူမျိျုးများ ဖြစ်သည့်အပြင် ဝတ်စားဆင်ယင်ပုံ များကလည်း တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများအားလုံး မြတ်ဗုဒ္ဓ၏ ယဉ်ကျေးမှု တရားတော်များနှင့်အညီ ရှေးဘိုးဘွားအစဉ်အလာအတိုင်း အမျိုးသားများမှာ တိုက်ပုံနှင့်ပုဆိုး အမျိုးသမီးများ ဆိုလျှင်လည်း ရင်ဖုံးအင်္ကျီနှင့် ထဘီ (သို့) လုံချည်များဝတ်ဆင်ကာ ရိုးရာယဉ်ကျေးမှု အမွေကိုထိန်းသိမ်းကြစေချင်ပါသည်။

မြို့ကြီးပြကြီးများမှအစ ကျေးလက်ဒေသ တောရွာများအဆုံး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို အတိမ်းအစောင်းမခံဘဲ မြန်မာတို့၏ အလှပန်းချီဟု တင်စားခေါ်ဆိုထိုက်သော ဝတ်စားဆင်ယင် ထုံးဖွဲ့မှုအလှအပများကို အလှပန်းချီဆရာများက မြန်မာ့ယဉ်ကျေးမှု ဆေးစုတ်တံဖြင့် စုတ်ချက်ကောင်းကောင်း ခြယ်သပြစေလိုပါသည်။ မြန်မာလူငယ်လူရွယ်ကလေးများသည် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုများကို ထာဝရပိုင်ဆိုင်ထားသင့်သကဲ့သို့ ဝတ်စားဆင်ယင်သည့် နေရာ တွင်လည်း      အရှက်တရားနှင့် အကြောက်တရားများကို ထိန်းသိမ်းကာ မရိုးလွန်း၊ မဆန်းလွန်း၊ ခေတ်နောက်လည်း မကျလွန်း၊ ခေတ်ရှေ့လည်းမကျော်လွန်ဘဲ မြင်ရသူတိုင်းရဲ့ စိတ်ထဲနှလုံးသားထဲမှာ မျက်စိအကျဆုံး၊ အကြည်နူးဆုံး၊ ကျက်သရေ မင်္ဂလာအရှိဆုံးဖြစ်တဲ့ မြန်မာ့ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းထားကြသော မြန်မာလူငယ် လူရွယ် ကလေးများ ဖြစ်စေချင်ပါတော့သည်။

ဇေယျာထက် (မင်းဘူး)