မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်းမရှိသည့် ဘိုးဘွားများ၊ မီးဖွားထားသူများ၊ မကျန်းမာသူများအား အိမ်တိုင်ရာရောက် ကြိုတင်မဲပေးခြင်း ဆောင်ရွက်ပေး

မြဝတီ နိုဝင်ဘာ ၄

ကရင်ပြည်နယ် မြဝတီမြို့၌ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိရာ မဲရုံသို့ လာရောက်မဲပေးနိုင်ခြင်း မရှိသည့် ဘိုးဘွားများ၊ မီးဖွားထားသူများ၊ မကျန်းမာသူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ထို့သို့ဆောင်ရွက်ရာတွင် ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများက လိုက်လံဆောင်ရွက်ပေးခြင်းဖြစ်သည်။

မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ မဲဆန္ဒရှင်အနည်းအများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်လူဦးရေ ၁၆၀၀၀၀ ကျော်ခန့်ရှိပြီး  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြဝတီမြို့နယ်အတွင်း၌ မဲရုံပေါင်း ၈၃ ရုံ ထားရှိဆောင်ရွက် ထားကြောင်း သိရသည်။

မန်းသန်းရွှေမြင့်