မကွေး နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၌ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းနှင့်ညပိုင်း(NHL results နှင့် RDT) စစ်ဆေးမှုအရ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေလူနာ(၅၂)ဦးထပ်တိုး တွေ့ရှိခဲ့၍ ပိုးတွေ့အတည်ပြု လူနာဦးရေ(၇၂၂)ဦးထိ ရှိလာဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဒီကနေ့ မနက်ပိုင်းက (NHL results)အရ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၃၆)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ ပိုးတွေ့လူနာတွေက အောင်လံ(၁၄)ဦး၊ မကွေး(၇)ဦး၊ ပခုက္ကူ (၄)ဦး၊ မြို့သစ်(၄)ဦး၊ တောင်တွင်းကြီး(၃)ဦး၊ မင်းဘူး(၂)ဦး၊ ချောက်(၁)ဦးနဲ့ ရေနံချောင်း က(၁)ဦး ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက အောင်လံက(၇)ဦး၊ မြို့သစ်(၄)ဦးနဲ့ ပခုက္ကူ(၁)ဦး တို့က ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတဲ့အတွက် အသွားအလာ ကန့်သတ် ထားသူ တွေပါ၊ ကျန်တဲ့လူနာ တွေက ရန်ကုန်ပြန်တွေနဲ့ ပြည်ပပြန် (ထိုင်း၊တရုတ်ပြန်) တွေဖြစ်ပါ တယ်ဟု တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။
ခုညပိုင်းမှာ NHL results နဲ့ RDT စစ်ဆေးမှုအရ ပိုးတွေ့လူနာ(၁၆)ဦး ထပ်တိုးတွေ့ရှိခဲ့တာပါ၊ အတည်ပြုလူနာတွေက စလင်းက(၇)ဦး၊ပေါက်(၂)ဦး၊ရေနံချောင်း(၂)ဦး၊အောင်လံ(၁)ဦး၊ ဆိပ်ဖြူ (၁)ဦး ၊ဂန့်ဂေါ(၁)ဦး၊ ပွင့်ဖြူ(၁)ဦးနဲ့ မြိုင်(၁)ဦး တို့ဖြစ်ပြီးတော့ ပိုးတွေ့လူနာတွေထဲက အောင်လံ (၁)ဦးက ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိလို့ အသွားအလာကန့်သတ်ထားသူပါ၊ မြိုင်(၁)ဦးနဲ့ ရေနံချောင်း (၁)ဦးတို့က (COVID-19 Antigen RDT)နဲ့ စစ်ဆေးတွေ့ရှိတဲ့ ကုန်တင်ယာဉ်မောင်းတွေဖြစ်ပြီး၊ ကျန်တဲ့ သူတွေက ရန်ကုန်ပြန်နဲ့၊ Quarantine Centre တွေက ဖြစ်ပါတယ်လို့ ၎င်းကဆိုသည်။
ဒီနေ့ကျွန်တော်တို့ မကွေးမြို့နယ် ပိုးတွေ့ လူနာတွေထဲမှာ ၁၀ နှစ်အရွယ် သမီးငယ် တစ်ဦး ပါ ပါတယ်၊ သူ့မိဘ နှစ်ယောက်လုံးက ရန်ကုန်မှာပါ၊ ရွာက အဒေါ်ဆီကို ဆွေမျိုး(၃)ဦးနဲ့ အတူ ပြန်လာတာပါ၊ သူအပါအဝင် ၄ ဦးထဲက သမီးငယ် တစ်ဦးထဲ Positive အဖြေထွက်တာ ဖြစ်ပါတယ်၊ အဒေါ်ဖြစ်သူက ကလေးနဲ့အတူ ဆေးရုံကို လိုက်ဖို့ တောင်းဆိုတာ သမီးငယ် ကိုယ်တိုင်က မလိုက်ခဲ့ဖို့ နဲ့ သူ့ဘာသာဘဲ လိုက်သွားမယ် ဆိုပြီး ကိုယ့်အထုပ် ကိုယ်ဆွဲပြီး လူနာတင်ယာဉ်ပေါ် တက်သွား တာပါ၊ မကွေးမြို့နယ် ကူးသန်းကျေးရွာက သမီးငယ်လေး အပါအဝင် ပုထိုးကျေးရွာက (၂)ဦး ၊ မိချောင်းရဲ ရွာသစ်ရွာက(၂)ဦးတို့ကို မကွေး သင်ကြားရေး ဆေးရုံကြီး ကုသရေးဆောင်ကို မြို့နယ် ကျန်းမာဦးစီးဌာရဲ့ ညွှန်ကြားမှုနဲ့ ကျွန်တော်တို့ KS Rescue Magway(မကွေးလူမှုကယ်ဆယ်ရေးအသင်း)ကားနဲ့ ပို့ဆောင်ပေး ခဲ့ပါတယ်ဟု ကိုစည်ဖြိုးသူက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၇၂၂)ဦး ရှိပြီး၊ ဆေးရုံ တက်ရောက် ဆေးဝါးကုသမှုခံယူနေသူ(၂၃၄)ဦးရှိကာ၊ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရရှိသူ(၄၈၈)ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန မှတ်တမ်း များအရ သိရသည်။
သန်းနိုင်ဦး(ငဖဲ)