သရက် မတ် ၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်နယ် ဖျောက်ဆိပ်ခုံကျေးရွာ၌ ပြည်သူ့စစ်ဥပဒေဆိုင်ရာ ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ဘုရားစုကျေးရွာ ရွာလယ်ဓမ္မရုံတွင်ဆောင်ရွက်ရာ ကျေးရွာနေပြည်သူ (၁၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲမှူး စန်းဦးက ပြည်သူစစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှူထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲပါက ကျသင့်မည့် ပြစ်ဒဏ်များနှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဝေယံထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသူ၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများကို ပြောကြားရာမှာ စစ်မှုထမ်းရမည့် အသက်အရွယ်မှာ အမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်ထက်မကျော်လွန်သူ၊ အမျိုးသမီးဖြစ်ပါက အသက်(၁၈)နှစ်ပြည့်ပြီး (၂၇)နှစ်မကျော်လွန်သူ၊ ကျွမ်းကျင်သူအမျိုးသားဖြစ်ပါက အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင် အမျိုးသမီးဖြစ်ပါက အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ကြောင်းနှင့် စစ်မှုထမ်းရမည်ကာလမှာ နိုင်ငံသားတိုင်း (၂၄)လဖြစ်ပြီး စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူများမှာ (၃၆)လဖြစ်သည်၊ နိုင်ငံတော်၏အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)