သာယာဝတီ မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နှင့် ၇ မိုင်ကွာဝေးသော ဖိုးခေါင်ကျေးရွာရှိ အိမ်ထောင်စုများသည် မိရိုးဖလာအိုးလုပ်ငန်းဖြစ်သော မြေအိုးအမျိုးမျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြေအိုးအမျိုးမျိုးပြုလုပ်ရာတွင် ပထမဦးစွာ ရွာ၏ အပြင်ဘက်ရှိ မြေကျင်းမှ မြေနီမြေစေးတို့ကို လှည်းဖြင့်တိုက်၍ မိမိတို့နေအိမ်တွင် စုပုံထားကြကြောင်း အဆိုပါမြေများကို အိုးပြုလုပ်တော့မည်ဆိုလျှင် နှုံးမြေတစ်ဆမြေနီနှစ်ဆ၊ မြေစေးတစ်ဆတို့ကိုရော၍ အင်တုံထဲတွင်ထည့်ကာ စိမ်ထားရကြောင်း မြေများနူးလာပြီဆိုပါက စေးသွားအောင်ဖျာပေါ်သို့ပုံ၍ခြေထောက်ဖြင့် အကြိမ်ကြိမ်နင်းနယ်ရကြောင်း ထို့နောက်လက်လှည့် စုံပေါ်တွင်တင်ကာ မိမိပြုလုပ်လိုသော အိုးပုံစံကိုလက်ဖြင့်ပုံဖေါ်ပြီး အဆင့်ဆင့်ပြုလုပ်ပြီးမှ မီးဖုတ်ရကြောင်း သိရသည်။
ဖိုးခေါင်ကျေးရွာမှ ထွက်ရှိသော ညောင်ရေအိုးတစ်လုံးကို ငွေကျပ် ၁၅၀၀၊ ပန်းရိုက် သောက်ရေအိုး တစ်လုံးလျှင် ငွေကျပ် ၂၅၀၀ ၊ အချောတစ်လုံးကို ငွေကျပ် ၃၅၀၀ ၊ ဟင်းအိုးတစ်လုံးကို ငွေကျပ် ၂၀၀၀ ကျပ်၊ ပဲလှော်အိုးတစ်လုံးကို ငွေကျပ် ၂၅၀၀ တို့ဖြင့် သာယာဝတီမြို့သို့ ကားဖြင့်သွားရောက်ရောင်းချရာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဖိုးခေါင်ကျေးရွာနေ မြေအိုးအမျိုးမျိုးလုပ်ကိုင်သူ မအေးအေးဖြူ၏ ပြောကြားချက်အရ သိရသည်။
သန့်ဇော် (ပြန်/ဆက်)