ပွင့်ဖြူမြို့နယ်၌ နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများအား ဆာဖိုးသာအထွက်တိုးစပါးမျိုးများ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ မတ် ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် နွေစပါးသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ နွေစပါးအကွက်ကျယ် စံပြကွက်စိုက်ပျိးတောင်သူများအား ဆာဖိုးသာအထွက်တိုးစပါး မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ကွင်းအမှတ် (၇၉၀)၊ တောင်သူ ဦးဝင်းတင်စိုး၏ လယ်မြေ၌ ကျင်းပသည်။

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အမှာစကားပြောကြားရာတွင် ယခုနွေစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် လျာထားချက်ဧကပြည့်မီအောင်နှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းများ တိုးတက်အောင် ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း၊ တောင်သူများ နွေစပါးစိုက်ပျိုးရာ၌ လိုအပ်သော မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့နှင့် စိုက်ပျိုးရေးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဆက်စပ်ဌာနများမှ ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက မျိုးစေ့ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်နှင့် သီးနှံအထွက်တိုးစိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီအတွက် နွေစပါးအကွက်ကျယ် စံပြကွက်စိုက်ပျိုးမည့် ရွာခိုင်ကျေးရွာနှင့် ဇီးတောကျေးရွာမှ တောင်သူ(၄၂) ဦး၏ ဆာဖိုးသာစပါးမျိုး ဧက(၁၀၀) အကောင်အထည်ဖော် စိုက်ပျိုးရန် ဆာဖိုးသာအထွက်တိုးစပါးမျိုးစေ့ (၂၅)ကီလိုအိတ် (၁၀၀)အိတ်အား ထောက်ပံ့ပေးအပ်ရာ ဒေသခံတောင်သူများက လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်၊ နွေစပါးသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ပြည်တွင်းဆန်စပါး လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး ‌နွေစပါးသီးနှံ ၃၁၂၈၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)