ပေါက်ခေါင်း မတ် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားထားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကိုတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကိုပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားထားသည့် "လူငယ်နှင့်အကောင်ဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်မှ ခေါင်းစဉ်ခွဲများဖြစ်သည့် လူငယ်နှင့်အမှား၊ အောင်မြင်ခြင်းအတွက်တည်ဆောက်ယူခြင်း၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ လူမျိုးမြင့်ဖို့စာဖတ်စို့စသည့် အကြောင်းအရာများကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်၊ (Book Club)အဖွဲ့ဝင် ကဗျာဆရာမမလေးချို(ပေါင်းတည်)၊ စာပေဝါသနာရှင်ဦးတင်ဝင်း၊ အဖွဲ့ဝင်ဦးဝင်နိုင်၊ Youth Club အဖွဲ့ဝင် မောင်ဇေယျာလင်းတို့က အသီးသီးဦးဆောင်ဖတ်ကြားဆွေးနွေးခဲ့ရာ၊ (Youth Club)အဖွဲ့ဝင်များ၊ စာပေချစ်သူလူငယ်များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)နှင့် စာပေချစ်သူလူငယ်များတက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)