မကွေး မတ် ၁
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်လိုသည့် ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးကို ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ များပြားလာအောင် အလားအလာရှိသော စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆောင်ရွက်လာစေရန် ဆွဲဆောင်ခြင်း၊ ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် လွယ်ကူစွာဆောင်ရွက်နိုင်စေရန် ကူညီပေးခြင်း၊ လုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် ဌာနများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်လာစေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် သိသင့်သိထိုက်သော စီးပွားရေးဆိုင်ရာ အချက်အလက်များပံ့ပိုးခြင်း၊ ဆောင်ရွက်ရမည့် ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ လွယ်ကူချောမွေ့စွာရရှိစေရန် ရုံးလုပ်ငန်းဆိုင်ရာနည်းစဉ်များ (SOP)များကို ရှင်းလင်းပေးခြင်း၊ လိုအပ်သည့် ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ ပံ့ပိုးပေးခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖန်တီးလာနိုင်ရန်နှင့် နည်းပညာ၊ အတတ်ပညာများ တိုးပွားရရှိရန်၊ သွင်းကုန်အစားထိုးနှင့် ပြည်ပပို့ကုန်လုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်နိုင်ရန်၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးပွားများပြားလာစေရန်နှင့် တိုင်းဒေသကြီး လူမှုစီးပွားဖွံ့ဖြိုးလာစေရန်အတွက် ကော်မတီသို့ လျှောက်ထားလာသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် မကွေးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်းများအတွက် လုပ်ရလွယ်ကူသည့် စီးပွားရေးဝန်းကျင်ကောင်းဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်း ၁ ခုအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး (ဒုတိယထပ်)၊ ပြည်တော်သာ (၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
မောင်ညီညာ