ငဖဲ မတ် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် နွေသီးနှံများ စိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီမှ နွေသီးနှံများလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ငဖဲမြို့နယ် နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်စိုးက နွေသီးနှံများလျာထားချက်ပြည့်မီအောင် စိုက်ပျိုးပြီးစီးရေးနှင့်ပတ်သက်၍ Task force အဖွဲ့များအနေဖြင့် ပုံမှန်ကွင်းဆင်းဆောင်ရွက်ရန်နှင့် work plan များ ရေးဆွဲထားသည့်အတိုင်း ကွင်းဆင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းက နွေသီးနှံများပန်းတိုင်ဧကပြည့်မီရေး၊ စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓါတ်မြေသြဇာဖြန့်ဖြူးရောင်းချမည့်ကိစ္စများ၊ စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျသုံးစွဲရေးနှင့် ရေဝင်မြေပြင်ပျိုးထောင်ထားရှိမှုစာရင်းများကို ကော်မတီသို့ အပတ်စဉ်တင်ပြရေးတို့ကို ဆွေးနွေးခဲ့သည်။
ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် နွေစပါးနှင့် နွေနှမ်း ၁၂၇၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)