ညောင်လေးပင် မတ် ၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက ညောင်လေးပင်မြို့ အာဇာနည်လမ်းရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ဥပဒေချုပ် ဦးခင်မောင်တင့်၊ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ (၃၅၀) ဦးခန့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် ဥပဒေချုပ် ဦးခင်မောင်တင့်တို့က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွည်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့် ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းပြောကြားပြီး ကောလာဟလ လုပ်ကြံသတင်းများ မယုံကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များ ဆက်လက် မေးမြန်းရာ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)