ပေါင်းတည် မတ် ၁
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများ အမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသား ဖော်ပြလျက်ရှိသော သတင်းတု၊ သတင်းမှားများ အန္တရာယ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်နှင့် သတင်းအမှန်များကို သိရှိပြီး အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ရပ်/ကျေးအစည်းအဝေး၌ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များအား စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ စသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အကြောင်းများအပါအဝင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ သိရှိလိုသည်များကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်သည့် ဖုန်းနံပါတ်များအား ဖော်ပြထားကြောင်း သိရသည်။
ထိုသတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေ၍ ပြည်သူများအား အခမဲ့ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)