ကြံခင်း မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က နွေစပါး(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးကို မျိုး၊ မြေ၊ ရေနည်းလမ်းအလိုက် ကြိုတင်စီမံဆောင်ရွက်မှု အခြေအနေများ၊ ခွဲဝေခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံဖြိုးရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု၊ ကျေးရွာအုပ်စုအတွင်း ငါးမွေးတောင်သူများနှင့် ပတ်သက်၍လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ပြင်ဆင်ဆောင်ရွက်မှုအခြေအနေ၊ စာတတ်မြောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စာရင်းကောက်ယူမှုအခြေအနေ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကိုဗစ်(၁၉)ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ ကျန်ရှိမှုမရှိစေရေး၊ မြေပြင်လူဦးရေစာရင်း မှန်ကန်စွာကောက်ယူနိုင်မှု အခြေအနေများ၊ တရားမဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်မှုရှိလျှင် ဖော်ထုတ်အရေးယူနိုင်ရေး ပြည်သူလူထုသိရှိစေပြီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်ရန်၊ (အပတ်စဉ်)စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ မိမိဌာန ရုံးပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းထွဋ်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာနှင့် ပတ်သက်၍ မိမိကျေးရွာအုပ်စုရှိ ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းများကို လက်ဆင့်ကမ်း ဆောင်ရွက်ပေးရေးနှင့် မိမိနယ်မြေ ဒေသအတွင်း လုံခြုံရေးအား အထူးဂရုပြုနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)