ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF သင်တန်းဆင်း အလင်းဝင်ရောက်သူများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးအပ်

ကလေး မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူအား၊ ကြိုဆိုလက်ခံခြင်း၊ ဆုကြေးငွေထောက်ပံ့ပေးခြင်း၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) ၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) မှ ဒေသကွပ်ကဲရေးမှူးနှင့် ကလေးခရိုင်အုပ်ချုပ်ရေးမှူးတို့က ဆုံးမဩဝါဒ အမှာစကားအသီးသီးပြောကြားခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင် မောင်ဖြိုးဝေကျော် (ခ) စမိုင်း (ခ) ပေါက်စက တောအတွင်း၌နေထိုင်ခဲ့ရသည့် အခြေအနေများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။

ထို့နောက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် အလင်းဝင်အသိအမှတ်ပြုကတ်ပြားများကို ပေးအပ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူကိုရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး ၎င်း၏မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရှိရသည်။

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့်နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)