ထားဝယ် ဖေဖော်ဝါရီ ၂၉
ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံက ကျန်းမာရေးဦးစီးဌာန အနေဖြင့်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ လုပ်ငန်းကော်မတီ(၁၁)ရပ်ဖြင့်ဆောင်ရွက်ထားရှိကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မဖြစ်ပွားမီ ပြင်ဆင်ထားရမည့်လုပ်ငန်းများ၊ ဖြစ်ပေါ်လာပါက အရေးပေါ် တုံ့ပြန်ရမည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများဝိုင်းဝန်းဆွေးနွေး ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဥက္ကာက တိုင်းဒေသကြီးတွင် ၂၀၁၈-၂၀၂၃ ခုနှစ် အတွင်းဖြစ်ပွားခဲ့သော သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်လာမည့် မိုးရာသီကာလတွင် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ကော်မတီဝင်များက ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)