သာယာဝတီ မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူး ဒေါ်စန္ဒာထွန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့များက ခရီးသွားပြည်သူများအား Non-Contact Infrared Thermometer ဖြင့် အဖျားရောဂါရှိ/မရှိ၊ ကိုယ်အပူချိန်မြင့်တက်နေခြင်း ရှိ/မရှိ စမ်းသပ်တိုင်းတာစစ်ဆေးခြင်း အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း အများပြည်သူဝင်ထွက်သွားလာရာနေရာများတွင် လက်ဆေးခြင်းများ ပြုလုပ်ပေးခြင်း၊ ရောဂါကာကွယ်နိုင်ရေးအတွက် ခရီးသွားပြည်သူများအား စနစ်တကျလက်ဆေးခြင်းနှင့် လက်ဆေးခြင်း၏ ကောင်းကျိုးများ၊ ရောဂါကုသခြင်းထက် ကာကွယ်ခြင်းက အရေးကြီးပုံများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အလားတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးရန်နေရာများ ပြုလုပ်ထားရှိကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)