ပေါင်းတည်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ပေါင်းတည် ဖေဖော်ဝါရီ ၂၉

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အတူ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝေလွင်ဦးနှင့်အဖွဲ့ဝင်(၂)ဦးအေးကျော်တို့က တက်ရောက်ရှင်းလင်းပြောကြားရာ ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်းမဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီးရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ်နိုဝင်ဘာလတွင် ဥပဒအမှတ်(၂၇/၂၀၁၀)နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေအား ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင်သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေးလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ဖျက်အကြမ်းဖက်သမားများအား ပြည်သူအားလုံးပါဝင်မှုဖြင့် ချေမှုန်းသွားရန်လည်းလိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊ လူငယ်မရွေးတိုင်းရင်းသား ပြည်သူအားလုံးသိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအင်အားအရင်းအမြစ်အနေဖြင့် တပ်မတော်နှင့်ပြည်သူဟန်ချက်ညီညီဖြင့် လက်တွဲပါဝင်ဆောင်ရွက်ခြင်းဖြင့် စစ်ဘက်အရပ်ဘက်ဆက်ဆံရေးသည် ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊  ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း မှကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွေ့ဆိုင်းနိုင်သည့်သူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်(၂)က ရပ်ရွာပြည်သူများအနေဖြင့် ဆိုရှယ်မီဒီယာများ၏ သတင်းတု၊သတင်းအမှားများကို မယုံကြည်ကြစေရန် အသိပညာပေးဆောင်ရွက်ပေးကြရန်နှင့် ဒို့တာဝန်အရေးသုံးပါးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှင်းလင်းပွဲသို့တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုအပေါ် လေ့လာနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာသတင်း စကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)