ကျေးရွာချင်းဆက်ကျောက်ချောလမ်း ခင်းကျင်းပြီးစီး

ပန်ဆောင် ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ ထဟော - ၁ ၊ ထဟော - ၂ ကျေးရွာချင်းဆက် ကျောက်ချောလမ်းကို ဖေဖော်ဝါရီလအတွင်း ခင်းကျင်းပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်ချောလမ်းအား အရှည် ၁ မိုင် ၄ ဖာလုံရှိ ထဟော ၁၊ ထ​ဟော ၂ ကျေးရွာချင်းဆက်လမ်း၌ အကျယ် ၂၀ ပေ ကျောက်ချောခင်းခြင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၃၃၄.၉ သန်းဖြင့် လီဒိုလမ်းကုမ္ပဏီက တာဝန်ယူ၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ လမ်းပြီးစီးသဖြင့် ဒေသအတွင်းမှ ပြည်သူများ အနေဖြင့်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေ ပြည်သူများ၏ လူနေမှုနှင့်စီးပွားရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ လမ်းဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)