အင်္ဂပူမြို့နယ်၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

အင်္ဂပူ ဖေဖော်ဝါရီ ၂၉

ဧရာဝတီတိုင်း‌ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန် ရည်ရွယ်၍  ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်သူများ သိရှိနားလည်နိုင်စေရန် လူစည်ကားသည့် နေရာများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်နှင့် အမျိုးသားရေး တာဝန်များ၊ပြည်သူ့ စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်း၊ စိုးရိမ်ရန်မလိုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရန်ကာလ စသည်ဖြင့်အချက်များ ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)