ဇီးကုန်း ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောခြင်းကိုယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း၏ အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများ မယုံကြည်ကြစေရန် ပြောကြားခဲ့ပြီး၊ တက်ရောက်လာသူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြပြီး၊ အဆိုပါ လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)