မိုးညို ဖေဖောဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ခရိုင်အဆင့် ငလျင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာယာဝတီခရိုင် မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ငလျင်ဘေး၊ မီးဘေးနှင့် အခြားသဘာဝဘေးများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် စက်၊ ပစ္စည်း၊ ကိရိယာများ၏ အသုံးဝင်ပုံများကို တက်ရောက်လာသူများအား ရှင်းလင်းပြောကြားသည်။
ထိုနောက် ငလျင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအား သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်းက ဦးဆောင်၍ ခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ဇော်နှင့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်တိုက်ပေါ်မှ ကြိုးဖြင့်ဆင်းနည်း၊ အထပ်မြင့်တိုက်ပေါ်မှ လူနာအားကယ်ထုတ်နည်း၊ မီးလောင်မှုကြောင့် အဆောက်အဦအတွင်း မီးခိုးငွေ့ဖြင့် သတိလစ်နေသူအား ကယ်ဆယ်ရွှေ့ထုတ်ခြင်းနှင့် မီးငြှိမ်းသတ်ခြင်း၊ အဆောက်အဦ အပျက်အစီးများ ပြိုကျပိတ်မိနေသော ထိခိုက်လူနာအား ရှာဖွေကယ်ဆယ်ခြင်း၊ တဲမီးလောင်မှုအား လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များက ပူးပေါင်းပါဝင်ဆာင်ရွက်ခဲ့သည်။
အဆိုပါ ငလျင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ရာသို့ မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပြည်သူများ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)