အိမ်မဲ ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင်ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီအချိန်တွင် မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဟောင်းများက ပူးပေါင်း၍ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်း ရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ အဆိုအမိန့်များ စသည်တို့ကို ထည့်သွင်းဖော်ပြထားသည်။
ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာ သိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေသလို မြို့နယ်ပြန်/ဆက်ဦးစီးဌာန မြေစိုက် နံရံကပ်ပြဘုတ်တွင်လည်း ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)