ပုသိမ် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီ လီမိတက် (MAPCO)(မက်ပ်ကို) မှ တာဝန်ရှိသူများမှ မြောင်းမြစပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံ၏ ဓာတ်အားထုတ်လွှတ်ပေးနိုင်မည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း ဖွဲနုဆီစက်ရုံတည်ဆောက်ရေးကိစ္စရပ်များနှင့် မြို့နယ်အလိုက် ဆန်စပါး အထူးပြုကုမ္ပဏီများဖွဲ့စည်း တည်ထောင်မည့်ကိစ္စရပ်များအား ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြသည့်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက် (MAPCO)(မက်ပ်ကို)၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က မြောင်းမြ မြို့တွင် (၁.၈) မဂ္ဂါဝပ်ထွက်ရှိမည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ (MAPCO) ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များ၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများ၊ ဓာတ်အားခနှုန်းထားများ၊ စပါးခွံကုန်ကြမ်း လိုအပ်ချက်များကိုလည်းကောင်း၊ ဆန်၊ စပါးကိစ္စရပ်များနှင့် ပတ်သက်၍ ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကိစ္စများ၊ ဆန်၊ စပါး သိုလှောင်မှတ်ပုံတင်လုပ်ငန်းများ၊ မြို့နယ်အလိုက် ဆန်စပါး အထူးပြုကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်မည့် ကိစ္စရပ်များကို လည်းကောင်း၊ ဖွဲနုဆီစက်ရုံများ တည်ဆောက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးမှုများ၊ တိုင်းဒေသကြီးတွင် ဖွဲနုဆီစက်ရုံများ တည်ဆောက်လည်ပတ်မည့် အစီအစဉ်များ၊ ဆန်စက်များမှ ဖွဲနုကုန်ကြမ်းရရှိမည့် အခြေအနေများ၊ ဖွဲနုဆီစက်ရုံများမှ အခြားဆီထွက်သီးနှံများပါ လည်ပတ်ကြိတ်ခွဲနိုင်မည့် အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားကြီးများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ မျိုးစေ့ထုတ်လုပ်ငန်းနှင့် သုတေသနလုပ်ငန်းများအား လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ရှင်းလင်တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က "တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စပါးခွံတန်ချိန်များစွာ ထွက်ရှိပါကြောင်း၊ (၁.၈)မဂ္ဂါဝပ် စပါးခွံလောင်စာသုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံလည်ပတ်နိုင်ပါက တိုင်းဒေသကြီးအတွင်း မဟာဓာတ်အားလိုင်းစနစ်သို့ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ပထမဆုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်လာမည်ဖြစ်ပါကြောင်း၊ စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အတွက် စပါးခွံကုန်ကြမ်းလုံလောက်စွာရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် စပါးခွံလောင်စာတောင့် စက်ရုံများလည်း လည်ပတ်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဖွဲနုဆီစက်ရုံများတည်ဆောက် လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိပါကြောင်း၊ ဖွဲနုဆီစက်ရုံများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း" ဆွေးနွေးပြောကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)