မုံရွာ၊ ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်လက်မှုလုပ်ငန်းဦးစီးဌာန (တိုင်းရုံး)၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုံရွာ) နှင့် ခရိုင် အသေးစားစက်လက်မှုလုပ်ငန်းဦးစီးဌာနများရှိ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်စစရာများ ချပြရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်းက ပြဋ္ဌာန်းထားသည့်ဥပဒေ၏ အခွင့်အရေးအား နိုင်ငံသားတိုင်းခံစားခွင့်ရှိသကဲ့သို့ ဥပဒေပါတာဝန်များကိုလည်း နိုင်ငံသားတိုင်း လိုက်နာရမည်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေသည် ယခုမှအတည်ပြုထုတ်ပြန်လိုက်ခြင်း မဟုတ်ဘဲ ၁၉၅၉ ခုနှစ်မှစတင်၍ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေဆိုပြီး ရှိခဲ့ပါကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀) နှင့် ၁၉၅၉ ပြည်သူ့စစ်မှုထမ်း ဥပဒေအားပြင်ဆင်သတ်မှတ်ခဲ့ပြီး အခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် စတင်အာဏာတည်စေခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအား မြန်မာနိုင်ငံတွင် သာပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း ကျင့်သုံးလျက်ရှိရာ သာဓကအနေဖြင့် အရှေ့တောင်အာရှ ဒေသနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဩစတြေလျနိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက်စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟုလည်းကောင်း ပြဌာန်းထားပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်အား လူကြီး၊လူငယ်မရွေးတိုင်းရင်းသား ပြည် သူအားလုံးသိနားလည်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများဖြစ်သည့် နိုင်ငံခြားတိုင်းပြည်များတွင် ဆောင်ရွက်နေသော စစ်မှုမထမ်းမနေရစနစ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းမှကင်းလွတ်ခြင်း၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွေ့ဆိုင်းနိုင်သည့်ပုဂ္ဂိုလ်များ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းချပြခဲ့သည်။
ထို့နောက် ရှင်းလင်းချပြပွဲသို့ တက်ရောက်လာသူဝန်ထမ်းများအား မိမိတို့၏ရုံး၊ကျောင်းများ မီးဘေးလုံခြုံရေး၊ ရုံးလုံခြုံရေး၊ဝန်ထမ်းများလုံခြုံရေးနှင့်စပ်လျဥ်းပြီး သတိရှိဖို့လိုကြောင်းနှင့် လုပ်ငန်းများကို အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရေးအတွက် အသေးစိတ်ချပြရှင်းလင်းပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းမှုအပေါ်ဝန်ထမ်းများ သိရှိလေ့လာနိုင်စေရန်အတွက် လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)