ပဲခူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာသတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ ဖြန့်ဝေ

ပဲခူး ဖေဖော်ဝါရီ ၂၉

ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက  ပဲခူးမြို့ရှိ လူစည်ကားရာနေရာများ၌ အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရတည်ရှိမြဲမြံစေရန်လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်ကြောင်း နှိုးဆော်ချက်ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃-၇-၁၉၄၇ ရက်နေ့တွင်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စိုးရိမ်ရန်မလို၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များစသည်တို့ ဖော်ပြထားသည်။

အဆိုပါ လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြပြီး သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)