ကျောက်တံခါးမြို့နယ်၌ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းအသိပညာပေးဆွေးနွေးခြင်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်

ကျောက်တံခါး ဖေဖော်ဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်၌   လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက တောင်သူများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်စွာအသုံးချနိုင်ရေးနှင့် လက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးသက်နိုင်ထွေးက တက်ရောက်လာသူများအား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယာယီတာဝန်ခံဒေါ်ဥမ္မာသိမ့်က နွေစပါးစိုက်ပျိုးခြင်းနှင်ပတ်သက်၍လည်းကောင်း Power Point ဖြင့် အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးကြပြီး   တက်ရောက်လာသူများက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ လက်ဆွဲစက်ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို တောင်သူဦးမျိုးဝင်းညွန့်၏ လယ်မြေ(၂)ဧကတွင်ကျင်းပပြုလုပ်သည်။ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူးဦးသက်နိုင်ထွေး၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူးဒေါ်ဥမ္မာသိမ့်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီတာဝန်ရှိသူအဖွဲ့ဝင်များနှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုလေ့လာကြသည်။ သရုပ်ပြပွဲ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူးက တက်ရောက်လာသူများအား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကိုလက်တွေ့စိုက်ပျိုးပြသခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများမှစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ နွေစပါးစိုက်ပျိုးရာသီတွင် (၅၂၀)ဧကစိုက်ပျိုးရန်လျာထားပြီး လျာထားဧကပြည့်စိုက်ပျိုးပြီးကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး  ပဲမျိုးစုံသီးနှံစိုက်ဧက ၁၅၁၄၁၂ ဧက စိုက်ပျိုးရန်လျာထားပြီး  ပဲတီစိမ်း ၈၄၄၁၂ ဧကနှင့် မတ်ပဲ ၆၅၈၈၈ ဧက စိုက်ပျိုးပြီးစီးပြီး စိုက်ပျိုးဧကများပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရန် ကြိုးစားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)