မင်းလှမြို့နယ်တွင် သမဝါယမအသင်းစု၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ  ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက သမဝါယမအသင်း စုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမင်းဇော်နိုင်က အခြေခံအသင်းများမှ မြို့နယ်စုသို့ ပေးသွင်းရမည့် ချေးငွေများအား အမြန်ဆုံးပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ ပေးဆပ်ပြီးသည့် အသင်းများအနေဖြင့် နွေ၊ မိုး၊ ဆောင်းရာသီသီးနှံအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးသည့် သွင်းအားစုများရယူနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် လုပ်ငန်းရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး သမဝါယမအသင်းစု၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်း‌ဒေသကြီး၊ မြို့နယ်သမဝါမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အခြေခံအသင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)