နတ်မောက် ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲနိုင်ရေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များဖြင့် ဈေးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့နည်းစေရေး၊ ပလတ်စတစ်ပစ္စည်းများ သုံးစွဲမှုမပြုလုပ်ကြရန်၊ ပလတ်စတစ်ပစ္စည်းများအစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူများဖြင့်သာ ထုတ်ပိုးရောင်းချခြင်း၊ ဝယ်ယူခြင်းများပြုလုပ်ရန်၊ သန့်ရှင်းလတ်ဆတ် အသား၊ ငါး၊ အသီးအရွက်များ ရောင်းချရန် စသည့်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဈေးရောင်းဈေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ငှက်ပျော်ဖက်၊ အင်ဖက်များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း