မြောင်းမြ ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အသားစားကြက်နှင့် ဥစားကြက်မွေးမြူရေးခြံများသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လုပ်ငန်းရှင်များအား ကြက်မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယမန်နေ့နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံမေးမြန်းရာတွင် မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြညါသူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ ဦးမြင့်အောင်နှင့်ဒေါ်ရီရီသန်း "မိသားစု" ဥစားကြက်မွေးမြူရေး လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်ဦးနေလင်းအောင်နှင့် ဇလပ်ကွင်းကျေးရွာရှိ အသားစား ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးခင်မောင်ဝင်းတို့ကို သွားရောက်တွေ့ဆုံ၍ လုပ်ငန်းစတင်တည်ထောင်ခဲ့သောခုနှစ်၊ လက်ရှိမွေးမြူလျက်ရှိသော ကြက်ကောင်ရေနှင့် ပြုစုစောင့်လျှောက်ပေးမှုအခြေအနေ၊ ကြက်များအားအစာကျွေးပုံစနစ်၊ မွေးမြူမည့်ကြက်သားပေါက် တင်သွင်းမှုနှင့် အထွက်နှုန်းများ၊ လုပ်ငန်းလည်ပတ်မှုများ၊ တင်ပို့ရောင်းချမှုနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချပုံများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများအား တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အသားစားကြက်နှင့် ဥစားကြက်မွေးမြူရေးသည် စားနပ်ရိက္ခာဖူလုံစေရုံသာမက ကျေးရွာသူ၊ ကျေးရွာသား၊ လူငယ်လူရွယ်များကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပေးစွမ်းနိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)