ကန့်ဘလူ ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ၇၆၀၃ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးမှုကို မိုးရာသီစက်တင်ဘာ/ အောက်တိုဘာက စတင်စိုက်ပျိုးခဲ့ပြီး ယနေ့အထိ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်သီးနှံစုံ ၇၆၀၃ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီ ၂၀၂၃- ၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးတဲ့ကာလမှာ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ခုနှစ်ထောင်ခြောက်ရာကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စားဖိုဆောင်သီးနှံတွေ စိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့၊ နည်းပညာတွေနဲ့ အခြားပံ့ပိုးမှုတွေကို မစိုက်ပျိုးမီစိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပါတယ်။ စားဖိုဆောင်သီးနှံတွေအနေနဲ့ မုန်လာ၊ ကိုက်လန်၊ ခရမ်းသီး၊ နံနံ စတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးထားပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်စိုက် ပျိုးမှုအနေဖြင့် ပန်းဂေါ်ဖီ၊ မုန်လာ၊ ကိုက်လန်၊ မုန်ညင်း၊ ကြက်သွန်နီ၊ နံနံ၊ တိုင်ထောင်ပဲ၊ ခရမ်းချဥ်သီး၊ ဘူးသီး၊ ရုံးပတီစသည့်တို့ကို စိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက စိုက်ခင်းများအရောက် ကွင်းဆင်းပြီး တောင်သူများနှင့်တွေ့ဆုံကာ အသိပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စားဖိုဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် တစ်ပိုင်တစ်နိုင်အဖြစ်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့် လည်းကောင်း စိုက်ပျိုးကာ တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေး အဆင်ပြေစေရေး နှစ်စဥ်စိုက်ပျိူး လုပ်ကိုင်ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)