ကံမ ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကဒူးပြင်ကျေးရွာအုပ်စု၊ ကဒူးပြင်ကျေးရွာ ကွင်းအမှတ်၁၆၅(က)တွင် တောင်သူ(၇)ဦး၏ လယ်မြေ(၁၀)ဧကအတွင်း တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် တာဝန်ရှိသူများ နွေစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးမျိုးစေ့ချ စုပေါင်းစိုက်ပျိုးပွဲအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးမှာကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်စိုးက နွေစပါးလျာထားချက် ပြည့်မှီစွာအချိန်မီစိုက်ပျိုးနိုင်ရေး၊ စိုက်စနစ်မှန်ကန်ရေး၊ သက်တမ်းတို အထွက်ကောင်း ဆာဖိုးသာမျိုးစပါးအသုံးပြုစိုက်ပျိုးရေး၊ တစ်ဧက တင်း(၁၅၀)ထွက်ရှိရေးအတွက် လိုက်နာကျင့်သုံးရမည့် နည်းပညာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးသီဟတို့က တစ်ဧကတင်း(၁၅၀)ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် တာဝန်ရှိသူများက တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် ဆာဖိုးသာစပါး စုပေါင်းမျိုးစေ့ချ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ကံမမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ မဒေးဆည်ရေသောက် ဧရိယာအတွင်း(၁၆၇၇)ဧကနှင့် ခြောက်ထောင့်ဆိုလာ လျှပ်စစ်ရေတင်ဧရိယာအတွင်း(၁၅၅)ဧက စုစုပေါင်းနွေစပါး(၁၈၃၂)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)