သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း ကရင်ပြည်နယ်စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းဆင်းပွဲသို့တက်ရောက်

ဘားအံ ဖေဖော်ဝါရီ ၂၉

ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်ပြည်နယ်စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းကို ဖေဖော်ဝါရီ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ Perfect Hotel Hpa-an တွင် ယမန်နေ့မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ရာ ကရင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဇော်ဝင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ သင်တန်းသားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဦးဇော်ဝင်းက ကရင်ပြည်နယ်အတွက် စီးပွားရေးလုပ်ငန်းများသည အရေးကြီးပြီးဖွံ့ဖြိုးတိုးတက်လာရန်လိုအပ်ကြောင်း၊ သင်တန်းတွင်ရရှိလာသော သင်ခန်းစာများက မိမိတို့လုပ်ငန်းအတွက် ရရှိရထိုက်သည့် အကျိုးအမြတ်များကို ရရှိလာမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းခွင်နှင့်အဖွဲ့အစည်းတွင် စီးပွားရေးဆိုင်ရာအတတ်ပညာများကို ပြန်လည်ဖလှယ်ကြရန်နှင့် စီးပွားရေးဆိုင်ရာစွန့်ဦးတီထွင်မှုသင်တန်းကို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ပေးနိုင်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဌေးမှ သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဇော်ဝင်းမှ စီးပွားရေးလုပ်ငန်းအစီအစဉ်ရေးဆွဲမှုတွင် ထူးချွန်သင်တန်းသားအဖွဲ့များဖြစ်သော Benko Bento Lunch Box အဖွဲ့နှင့် ဖားစည်မြေ စားသောက်ဆိုင်အဖွဲ့တို့ကို ဂုဏ်ပြုမှတ်တမ်းပေးအပ်ချီးမြှင့်ကာ ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)