ပွင့်ဖြူ ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု သိရှိနားလည်သဘောပေါက်စေရန်အတွက် ယခုကဲ့သို့ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်နော်အယ်လ်နီးထာစိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းပိုင်စိုးက လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ စသည့် ရေးသား ဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းဦးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နေ့ညမပျက် လှည့်ကင်း၊ ပတ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များကို ဒေသခံပြည်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )