ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဟားခါး ဖေဖော်ဝါရီ ၂၉

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး ခန်း၌ ကျင်းပရာ ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းနှင့် စျေးဆိုင်များတွင် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ အခါအားလျော်စွာ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် အသိအမှတ်ပြုပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲနှင့် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ဆွေးဆုံးဖြတ်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ကော်မတီဝင်များက ဆွေးနွေးတင်ပြကြရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 ခရိုင် ( ပြန်/ဆက် )