ပွင့်ဖြူ ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာ ကုလားပဲသီးနှံပေါ်ချိန် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
"ကျွန်တော်တို့ မြို့နယ်မှာဆောင်းသီးနှံအဖြစ် စိုက်ပျိုးတဲ့ ကုလားပဲစိုက်ခင်းတွေက အချိန်မီစိုက်ပျိုးနိုင်တော့ အောင်မြင်ဖြစ်ထွန်းမှုရှိတယ်ဗျ။ ယခုဆိုရင် ဆောင်းသီးနှံကုလားပဲစိုက်ခင်းတွေက ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်လို့ တောင်သူတွေက နွေသီးနှံပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့နေကြတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကပျမ်းမျှ ၂၅ တင်းလောက်ထွက်ရှိပါတယ်။ ကုလားပဲသီးနှံ ပေါ်စတုန်းက တစ်တင်းကို ငွေကျပ် ၉၇၀၀၀ ဈေးနဲ့ အရောင်းအဝယ်ရှိခဲ့တယ်။ လက်ရှိ ကုလားပဲသီးနှံ လှိုင်လှိုင်ထွက်ရှိချိန်မှာတော့ တစ်တင်းကို ငွေကျပ် ၇၃၀၀၀ ဈေးနဲ့သာ အရောင်းအဝယ်ရှိတော့တယ်ဗျ။ ဒါကြောင့် ဒေသခံတောင်သူတွေက စိုက်ပျိုးစရိတ်အရင်းအနှီးနဲ့ သီးနှံဝင်ငွေ အကျိုးအမြတ်လေးရအောင် ကုလားပဲသီးနှံ ဈေးကောင်းရရှိဖို့အတွက် မျှော်လင့်နေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး ဆောင်းသီးနှံကုလားပဲစိုက်ဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၅၂၀၅၁ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)