ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟားခါး ဖေဖော်ဝါရီ ၂၉

ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီက ဟားခါးတက္ကသိုလ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက  ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းလာစေရန်၊ မိမိတို့၏ ဘိုးဘွားအစဉ်အလာသမိုင်းကောင်းများကို စံနမူနာယူ၍ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား လာစေရန်နှင့် တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွနေထိုင်ခဲ့သည့် သမိုင်းကြောင်းများကိုအခြေခံခံ၍ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး မိမိတို့ပြည်နယ်နှင့် မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမြဲတမ်း စဉ်းစားတွေးတောလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် (၇၆) နှစ်မြောက်  ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် စာစီစကုံးပြိင်းပွဲတွင် ဆုရရှိသူများအား ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား သမိုင်းဌာနပါမောက္ခဌာနမှူး ဒေါက်တာနန်းဆန်းကေသီ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား မြန်မာစာဌာနပါမောက္ခဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ၊ ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသူများအား ရူပဗေဒပါမောက္ခဌာနမှူး ဒေါက်တာဆန်းထူးနှင့် ယဉ်ကျေးမှုအကအဖွဲ့အား သင်္ချာဌာနပါမောက္ခဌာနမှူး ဒေါက်တာမောင်မောင်အောင်တို့ကဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)