စလင်း ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတစာတော်ပြန်ပွဲအသင်းကြီးမှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်(ဒဿမ)ကြိမ်မြောက် ပရိယတ္တိရေးဖြေ စတုတ္တနေ့ကို ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က လက်ပံပင်ကျောင်းတိုက် ရတနာဃရဓမ္မာရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထေရဝါဒဗုဒ္ဓသာသနာ့ရက္ခိတအသင်းကြီးမှ (ဒဿမ)ကြိမ်မြောက် ပရိယတ္တိရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်နေမှုအခြေအနေများကို စာပြန်ပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ အရှေ့သဲကုန်း သုံးထပ်ကြောင်းဥက္ကဋ္ဌဆရာတော် သာသနာရက္ခိတ စာတော်ပြန်ပွဲအသင်း ဘဒ္ဒန္တစန္ဒောဘာသနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် မြို့နယ်သာသနာရေးမှူးရုံးခွဲ စလင်းမြို့နယ်မှ သာသနာရေးမှူး ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစာပြန်ပွဲကို ပေါင်းနားရပ်ကွက် လက်ပံပင်ကျောင်းတိုက် ရတနာဃရဓမ္မာရုံကြီး၌ ဖေဖော်ဝါရီ (၂၅)ရက်နေ့မှ ဖေဖော်ဝါရီ (၂၉)ရက်နေ့အထိ ငါးရက်တိုင် ကျင်းပနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ (၂၈)ရက်နေ့ ယနေ့စာပြန်ပွဲ စတုတ္တနေ့တွင် စလင်းမြို့နယ် စာဖြေဌာနမှ ရဟန်း၊ သာမနေ၊ သီလရှင်ဆရာလေး ပထမငယ်တန်း တိကမာတိကာ ဒကမာတိကာနှင့် ဓာတုကထာ၊ ပထမလတ်တန်းတွင် သုတ္တန္တိကမာတိကာနှင့် ဓာတုကထာ၊ ပထမကြီးတန်းတွင် ပါဠိအဘိဓာန်နှင့် အလင်္ကာဆန်း၊ စုစုပေါင်းစာမေးပွဲစာပြန်ဖြေဆိုသူ (၃)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း