တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လက်နက်ငယ်ကျွမ်းကျင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ   ၂၉

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ၏ လက်နက်ငယ်ကျွမ်းကျင်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ရဲဇာနည်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဒုတိယတိုင်းမှူး၊ ထားဝယ်တပ်နယ်မှူးနှင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများက ပြိုင်ပွဲဝင်အသင်းများ၏ လက်နက်ငယ်(၅)မျိုး ဖြုတ်ခြင်း၊ တပ်ခြင်းယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူး ကြီးမြင့်ထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များ၏နေရာထိုင်ခင်း၊ အစားအသောက်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လက်နက်ငယ်ကျွမ်းကျင်မှု ပြိုင်ပွဲတွင် တစ်ဦးချင်း(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသည့်တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လက်နက်ငယ် ကျွမ်းကျင်မှုပြိုင်ပွဲတွင် လက်နက်အမျိုးအစား အလိုက်တံခွန်စိုက်ဆုရရှိသည့် အသင်းများအား တံခွန်စိုက်ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)