မြောင်းမြမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြောင်းမြ နိုဝင်ဘာ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်က နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် အထွေထွေရွေးကောက်ပွဲနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူ များအနေဖြင့် မိမိတာဝန်ကျရာ မဲရုံများအလိုက် ကြီးကြပ်ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြရန်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးဒေါက်တာတင့်တင့်ကျော် က မဲရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မဲရုံအလိုက် ကြီးကြပ်ရန် တာဝန်ပေးအပ်ထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ကေခိုင်စိုး(မြောင်းမြ)