လပွတ္တာ ဖေဖော်ဝါရီ ၂၉
ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာတိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့နံနက် ၉ နာရီချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲတွင်ဖြေဆိုအောင်မြင်တော်မူကြသည့်စာအောင်သံဃာတော်များအောင်လက်မှတ်ဆက်ကပ်လှူခြင်းအခမ်းအနားကိုကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် စာမေးပွဲကျင်းပရေး ဦးဆောင်ဆရာတော်ကြီးများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များတက်ရောက်ကြပြီး အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆိုကာဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သရက်တောပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တသုစိတ္တ (ဂန္တဝါစကပဏ္ဍိတ) ထံမှ ငါးပါးသီလ
ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်ပြီးပါဠိပထမပြန်စာမေးပွဲ အခြေပြုမူလတန်း၊ ပထမငယ်တန်းနှင့်အဘိဓမ္မာဝိသုဒ္ဓိမဂ်စာမေးပွဲ၊အဘိဓမ္မာဂုဏ်ထူးတန်းစာမေးပွဲတို့တွင်အောင်မြင်တော်ကြသည့်သံဃာတော်များနှင့်ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များမှစာအောင်လက်မှတ်နှင့် အလှူငွေများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် သရက်တောပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တသုစိတ္တ (ဂန္တဝါစကပဏ္ဍိတ) ကအနုမောဒနာတရားဟောကြားခဲ့ပြီး ရေစက်သွန်းချအမျှဝေခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)