ချောက် ဖေဖော်ဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများသိရှိ နားလည်နိုင်စေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ချောက်မြို့နယ် မြစ်ဇီးချိုပင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးတင်ထွန်းဦးက ကောလဟလသတင်းများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ဥပဒေအကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးအာကာကျော်က ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာရမည့် အချက်များလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းသန်းက စစ်မှုထမ်း ဥပဒေဆိုင်ရာသိသင့် သိထိုက်သည့်အချက်များကိုလည်းကောင်း၊ ဒုလဝကမှူး ဦးသန်းစိုးက ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ ခွင့်ပြုပေးနေမှု အပိုင်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက်မြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသည့် မြစ်ဇီးချိုပင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ကျေးရွာနေ ပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)