မြဝတီခရိုင်၌ လူမဲ့တန်ဆာဖြင့်  မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှုမရှိစေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြဝတီ  ဖေဖော်ဝါရီ  ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အဝေးပြေး  မော်တော်ယာဉ်ဂိတ်များတွင် လူမဲ့တန်ဆာဖြင့် မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ သယ်ဆောင်မှုမရှိစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားပေးပြီး  ခရိုင်မီးသတ်ဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး   ဦးဖြိုးမင်းဇော်က   မော်တော်ယာဉ် များတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးကြိုတင်၍ မီးသတ်ဆေးဘူးများ စနစ်တကျချိတ်ဆွဲထားရှိ ရမည်ဖြစ်ကြောင်း၊ ဒုတိယခရိုင်ဥပဒေအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် ဥပဒေများမှ သယ်ယူပို့ဆောင်ခြင်း၊ လက်ခံ/လွှဲပြောင်းခြင်း၊  ရောင်းဝယ်ဖောက်ကားခြင်းနှင့်  လက်ဝယ် ထားရှိပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊  ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး  ရဲမှူးအောင်မျိုးလွင်က မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရေးနှင့် အမှတ် ၃၂ မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ ရဲမှူးရဲနိုင်က အဝေးပြေးမော်တော်ယာဉ်လိုင်းတာဝန်ခံများအနေဖြင့် ယာဉ်ပေါ်နှင့် ကားဂိတ်များတွင် လူမဲ့တန်ဆာများ တင်ဆောင်ပါက ပစ္စည်းများကို  ဖွင့်ဖောက်စစ်ဆေးပြီးမှသာ တင်ဆောင် ခွင့်ပြုရန်၊ စစ်ဆေးခွင့်မပြုပါက အဆိုပါပစ္စည်းများအား တင်ဆောင်ခွင့်မပြုကြရန်တို့ကို ဆွေးနွေးပေးသည်။

ထို့နောက် တက်ရောက်ကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မော်တော်ယာဉ်လိုင်း တာဝန်ခံများက သိရှိလိုသည့်အချက်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)