ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဥတ္တရသီရိမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျ ထည့်သွင်းအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲ‌နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဥတ္တရသီရိ ဖေဖေါ်ဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁း၃)အချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုခြင်း ကွင်းသရုပ်ပြပွဲ ယမန်နေ့နံနက်ပိုင်းက ဇလောင်းကျေးရွာအုပ်စု၊ တောင်သူ ဦးသောင်းလှိုင်၏  ကွင်းအမှတ်(၁၈၈၀)လယ်မြေတွင် ကျင်းပခဲ့သည်။

ကွင်းသရုပ်ပြပွဲသို့ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူများ စုစုပေါင်း အင်အား (၆၀)ဦးခန့် တက်ရောက်ကြပြီး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းဟန်နှင့် ဦးစီးအရာရှိ ဦးမျိုးနိုင်တို့က တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ စံနှုန်းအထွက်တိုးစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁း၃)အချိန်ကိုက် အချိုးကျ ထည့်သွင်းအသုံးပြုပြီး မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည်တို့ကို လိုက်နာကျင့်သုံးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းပြောကြားပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့သည် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် Grade-9 ကျောင်းသား၊ ကျောင်းသားများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေနှင့် ကျောင်းအုပ်ဆရာမကြီးများက ဖြေဆိုပြီးစီးမှုများနှင့် ဖြေဆိုနေဆဲအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)