ကန့်ဘလူ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင် ဆန္ဒမဲများပေးလျက်ရှိရာနိုဝင်ဘာ ၃ ရက် က အမှတ်(၂)ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ပေးအပ်ရာတွင် အမှတ်(၂)ရပ်ကွက်၌ အောက်တိုဘာ ၂၉ ရက်မှ ယနေ့ထိ ကြိုတင် ဆန္ဒမဲပေးသူ ၆၃၆ ဦးရှိပြီး ကြိုတင်မဲပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့တွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့ထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်းကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင် ကြောင်းသိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ ရွေးကောက် ပွဲနေ့တွင်မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများက. ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် သတ်မှတ်နေရာများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိပြီး ကျန်းမာရေးမကောင်းသူများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ် အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပရန်အတွက် မဲရုံပေါင်း ၂၀၄ ရုံထားရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၃၂၄၇၉ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)