ချောင်းဦးမြို့နယ်၌ ခရမ်းချဉ်သီးမှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်

ချောင်းဦး ဖေဖေါ်ဝါရီ ၂၉

စစ်ကိုင်တိုင်းဒေသကြီး မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ခရမ်းချဉ်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေး သင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မိသားစုတစ်စုခြင်း၏ မီးဖိုချောင်အသုံးစရိတ် လျှော့ချနိုင်ရန်၊ ခရမ်းချဉ်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ပြီး မိသားစုအပို၀င်ငွေရရှိစေရန်၊ အဟာရနှင့်ပြည့်စုံပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချနိုင်၍စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကောင်းရရှိစေရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးမှ ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် ခရမ်းချဉ်သီးများ အထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းမှာတစ်ပိဿာ လျှင် ၂၀၀/ကျပ်မှ ၃၀၀/ကျပ်သာ ရှိသဖြင့် ခရမ်းချဉ်သီးစိုက်တောင်သူများ ဝင်ငွေနည်းပါးလျက်ရှိရာ ယခုကဲ့သို့နည်းပညာပေးသင်တန်းတက်ရောက် ခြင်းဖြင့်ခရမ်းချဉ်သီးယိပြုလုပ်နည်း၊ ခရမ်းချဉ်သီးဆော့ပြုလုပ်နည်း၊ ခရမ်းချဉ်သီးအနှစ်ပြုလုပ်နည်းတို့ကို သိရှိရခြင်းကြောင့် အမှန်ပင်အကျိုးကျေးဇူးရှိကြောင်း၊ ကျီကုန်းကျေးရွာမှတက်ရောက်လာသည့် သင်တန်းသူတစ်ဦးက ပြောကြားသည်။ သင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့်ကျေးရွာအုပ်စု(၅)အုပ်စုမှ အမျိုးသမီးတောင်သူ စုစုပေါင်း (၅၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)